"မင်းတို့ ကို အခြေခံအရည်အသွေးတွေ ဖြည့်ဆည်းပေးလိုက်ပြီးပြီ။ အနာဂတ်ကာလမှာ နိုင်ငံတော်ရဲ့  ကာကွယ်ရေးကို ထိန်းသိမ်း၊စောင့်ရှောက်သူတွေဖြစ်အောင် မင်းတို့ ကို ပုံသွန်းလောင်းပေးလိုက်ပြီးပြီ။ မင်းတို့ အားနည်းတဲ့အခါမှာ အားကောင်းအောင် ဘယ်လိုလုပ်ရမယ်၊မင်းတို့ ကြောက်ရွံ့ တဲ့အခါမှာ ရဲရင့်အောင် ဘယ်လိုလုပ်ရမယ်ဆိုတာတွေကို မင်းတို့ ကို သင်ပေးလိုက်ပြီးပြီ။ မိမိဂုဏ်သိက္ခာ မဆုံးရှူံးအောင် ဘယ်လိုခိုင်ခိုင်မာမာ ရပ်တည်ရမယ်။ ဘယ်လိုနေရာမှာ ဂုဏ်ယူရမယ်။ ဒါပေမယ့် အောင်ပွဲခံတဲ့ အခါမှာတော့ နှိမ့်ချတတ်တဲ့ စိတ်ရှိဖို့ နဲ့ သိမ်မွေ့ နူးညံ့တဲ့ စိတ်ကို ဘယ်လိုမွေးရမယ်ဆိုတာ သင်ပေးလိုက်ပြီးပြီ။ မင်းတို့ ကို မုန်တိုင်း တိုက်ခတ်လာရင် ဘယ်လိုကြံ့ကြံ့ခံရမယ်။ ဒါမှမဟုတ် မုန်းတိုင်းဒဏ်မခံနိုင်လို့  လဲကျသွားသူတွေအပေါ်မှာ ဘယ်လို မေတ္တာစေတနာထားရမယ် ဆိုတာလည်း သင်ပေးလိုက်ပြီးပြီ။
သူတစ်ပါးအပေါ် ခေါင်းဆောင်မလုပ်မီ ကိုယ့်မှာ ခေါင်းဆောင်မှု စွမ်းရည်ပြည့်ဝအောင် အရင်ကြိုးစားရမယ်။ မိမိနှလုံးသားကို သန့် သန့် စင်စင်ထားရှိရမယ်။ ရည်မှန်းချက် မြင့်မြင့်မားမားထားရမယ်။ အမြဲတမ်းရယ်နေနိုင်အောင် သင်ယူပါ။ ဒါပေမယ့် ငိုစရာရှိရင်ဘယ်လို ငိုရမယ်ဆိုတာလည်း မမေ့ပါနဲ့ ။အနာဂတ်ကို လှမ်းနိုင်ဖို့ အတွက် အတိတ်ကာကို ဘယ်တော့မှ မပစ်ပယ်ပါနဲ့ ။ အရာရာကို အလေးအနက်ထားပါ။ ဒါပေမယ့် မင်းကိုယ်မင်းတော့ လွန်လွန်ကဲကဲ အလေးအနက်မထားမိပါစေနဲ့ ။ ရိုးရိုးသားသားနေထိုင်တဲ့ဘ၀ရဲ့ ကြီးကြယ်မြင့်မြတ်မှုကို သတိရစေဖို့  မင်းအနေနဲ့  အမြဲတမ်းရိုးရိုးကုပ်ကုပ်ပဲနေပါ။ စစ်မှန်တဲ့ အသိပညာအတွက် မိမိစိတ်ကို ပွင့်ပွင့်လင်းလင်းရှိပါစေ။ တကယ်စစ်မှန်တဲ့ ခွန်အားရရှိဖို့ အတွက် အောက်ကျို့ ခံတတ်ပါစေ။ မင်းရဲ့ စိတ်ကို ချုပ်တည်းတတ်အောင် မင်းကို လေ့ကျင့်ပေးခဲ့ပြီးပြီ။ အဲဒါဟာ စိတ်ကူးစိတ်သန်းကောင်းတွေ ရစေတဲ့ အရည်အချင်းကောင်းတစ်ခု ဖြစ်သလို စိတ်လှုပ်ရှားမှုတွေကို လွှမ်းမိုးနိုင်တဲ့ အင်အားတစ်ခုဖြစ်တယ်။ ဘ၀ရဲ့ စွမ်းရည်ကောင်းတွေ ပေါ်ထွက်လာစေတဲ့ လမ်းကြောင်း အသစ်ဖြစ်သလို ကြောက်ရွံ့ တွေဝေမှုအပေါ်မှာ အနိုင်ယူတတ်တဲ့ သတ္တိစွမ်းအားလည်း ဖြစ်တယ်။ ဒါ့အပြင်သက်သောင့်သက်သာနဲ့ နေချင်စိတ်ကို ဘေးချိတ်ပြီး စွန့် စားမှုကို လှုံ့ ဆော်ပေးတဲ့အရာလည်း ဖြစ်တယ်။
မင်းရဲ့ ရင်ထဲမှာ အရာရာကို စူးစမ်းချင်တဲ့ စိတ်ကို ပျိုးထောင်ပေးခဲ့ပြီး။ အဲဒီစိတ်ကြောင့် နောက်တစ်ခါ ဘယ်လိုအရာကို ကြုံရပါလိမ့်ဆိုတဲ့ သိချင်စိတ်ဟာ မင်းခေါင်းထဲမှာ အမြဲပေါ်လာလိမ့်မယ်။ အဲဒီစိတ်ဟာ မင်းဘ၀ကို အစဉ်တတ်ကြွအောင် လှုံ့ ဆော်ပေးပြီး၊ မင်းကို ပျှော်ရွှင်စေလိမ့်မယ်။ မင်းဟာ အရာရှိတစ်ယောက်အဖြစ် သာမက လူကြီးလူကောင်း တစ်ယောက်ဖြစ်လာစေဖို့  အဲဒီအချက်အားလုံး မင်းကို သင်ကြားပေးတာ ဖြစ်တယ်။
မင်းဟာ တို့ ရဲ့ နိုင်ငံတော် ကာကွယ်ရေးစနစ်တစ်ခုလုံးကို ထိန်းချုပ်ထားတဲ့ ယန္တရားကြီးပုံမှန်လည်ပတ်အောင် ဆောင်ရွက်တဲ့နေရာမှာ အဓိကကျသူတစ်ဦးဖြစ်တယ်။ ကမ္ဘာစစ်ကြီးဖြစ်လာတဲ့အခါ တို့ နိုင်ငံရဲ့ ကံကြမ္မာကို ဆိုးရွားမသွားရအောင် ထိန်းသိမ်းနိုင်သူတွေဟာ မင်းတို့ လို အရာရှိငယ်အုပ်စုထဲက ပေါ်ထွက်လာတဲ့ စစ်ခေါင်းဆောင်၊စစ်သူရဲကောင်းကြီးတွေ ဖြစ်တယ်။ တို့ ရဲ့ စဉ်ဆက်မပြတ်ရှိလာတဲ့ 'မီးခိုးရောင်လူတန်းအရှည်ကြီး' လို့ ခေါ်တဲ့ ' ခေါင်းဆောင်မှု အစဉ်အလာကြီး ' ဟာတို့ ကို အမြဲကူညီပေးနေတယ်။ မင်းအနေနဲ့ အဲဒီလိုကြီမားတဲ့ တာဝန်ကို ထမ်းဆောင်ရတဲ့အခါ သန်းနဲ့ ချီပြီးရှိတဲ့ ၀ိဥာဉ်လောကသားတွေဟာ တစ်ချို့ က သံလွင်စိမ်းရောင် ယူနီဖောင်းနဲ့ ၊ တစ်ချို့ က ကာကီရောင်ယူနီဖောင်းနဲ့ ၊ တစ်ချို့ က အပြာရောင်ယူနီဖောင်းနဲ့ ၊ တစ်ချို့ က မီးခိုးရောင်ယူနီဖောင်းနဲ့  သူတို့ လဲလျောင်းနေတဲ့ သင်္ချိုင်းတွေက နိုးထလာကြပြီး မှော်ပညာလို အစွမ်းထက်လှတဲ့ 'တာဝန်၊ဂုဏ်သိက္ခာ၊နိုင်ငံတော်အတွက်' ဆိုတဲ့မန္တာန်ကို မိုးအောက်မြေပြင်တခွင်လုံး မြည်ဟီးသွား အော်ဟစ်ကြွေးပြီး မင်းကို အကူအညီပေးပါလိမ့်မယ်။
ဒီလိုပြောလိုက်တာကြောင့် မင်းဟာ စစ်ဝါဒီ၊စစ်ဘီလူးလို ကျင့်ကြံရမယ်လို့ ဆိုလိုတာ မဟုတ်ဘူး။ အဲဒါနဲ့ ပြောင်းပြန်ဖြစ်နေတာက တစ်ခြားလူတွေထက်စာရင် စစ်သားတွေက ငြိမ်းချမ်းရေးကို ပိုပြီးတောင့်တကြတယ်။ ဘာကြောင့်လဲ ဆိုတော့ စစ်ပွဲတွေ ဖြစ်လာရင် အဲဒီစစ်ပွဲရဲ့ ဒဏ်ရာဒဏ်ချက်တွေနဲ့ ဒုက္ခတွေကို သူတို့ က တစ်ခြားသူတွေထက် ပိုပြီးခံကြရလို့ ဖြစ်တယ်။
ဒါပေမယ့် တို့ တစ်တွေရဲ့ နားထဲမှာ တွေးခေါ်ပညာရှင်ကြီးပလေတိုရဲ့ တုန်လှုပ်ခြောက်ခြားစရာ အဆိုအမိန့် တစ်ခုဖြစ်တဲ့ 'သေဆုံးသွားတဲ့ သူတွေသာ စစ်ပွဲရဲ့ နိဂုံးကို မြင်တွေ့ နိုင်တယ်' ဆိုတဲ့ စကားသံဟာ ရိုက်ခတ်နေတယ်။
(၁၉၆၂ခုနှစ်၊ မေလ ဗိုလ်ချုပ်ကြီး မက်ခ်အာသာ၏ ၀က်စ်ပွိုင့်စ် စစ်တက္ကသိုလ် ကျောင်းဆင်းပွဲ မိန့် ခွန်း)
ဦးလှမင်း၊ အမေရိကန်နိုင်ငံရဲ့ စစ်တက္ကသိုလ်မှာ သင်ကြားပေးတဲ့ ခေါင်းဆောင်မှု ပညာစာအုပ် စာမျက်နှာ ၂၆၇-၂၆၉
အားလုံးပဲ အဆင်ပြေပျော်ရွှင်နိုင်ပါစေ။



No comments:
Post a Comment